Chapter 1
1 အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းအကြောင်းရှိစေခြင်းငှာ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကို တစ်ဖန် ဖြစ်ဖွားစေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။-
2 ထိုသခင်ကို သင်တို့သည် မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခုမှာလည်း မမြင်ဘဲလျက်၊ ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊-
3 စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။
4 ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့ စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။-
5 ခရစ်တော်ခံတော်မူရသော ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကိုလည်းကောင်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သော သူကိုလည်းကောင်း၊ အဘယ်သို့သော အချိန်ကာလကိုလည်းကောင်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။-
6 ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဖို့ မဟုတ်၊ သင်တို့အဖို့ ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင်သော စေတနာစိတ် ရှိကြ၏။
7 သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ရောက်လတ္တံ့သော ဆုကျေးဇူးကို အဆုံးတိုင်အောင် မျှော်လင့်ကြလော့။-
8 အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင်တတ်သော သူငယ်ကဲ့သို့ ဖြစ်၍၊-
9 သင်တို့ကိုခေါ်တော်မူသော သူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။-
10 အကြောင်းမူကား၊ ငါသည် သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာသတည်း။-
11 လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြလော့။-
12 မိစဉ်ဘဆက် ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။-
13 အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။-
14 ထိုခရစ်တော်ကား၊ ဤကမ္ဘာမတည်မရှိမီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့အဖို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။-
15 သင်တို့သည် ဘုရားသခင်ကို ထောက်လျက် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းရှိစေခြင်းငှာ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။
16 သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊-
17 မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဖွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှာသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့် အညီ၊ စင်ကြယ်သောစိတ်နှင့် အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့။-
18 လူမျိုးရှိသမျှသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။-
19 ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲ တည်၏။ ထိုနှုတ်ကပတ်တော်သည်၊ သင်တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။
